Monday, 29 March 2010

အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ

နိုင်ငံ တ၀န်းလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် များသည် လာမည့် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက်ကို ယနေ့ ချမှတ် လိုက်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Saturday, 20 March 2010

ကိုအေးသိန်းကို မြ၀တီ ရဲစခန်းတွင် ထိန်းသိမ်းထား

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်သူ့ စေတနာ့ဝန်ထမ်းအဖွဲ့ (People Volunteer Association)မှ ကိုအေး သိန်း (ခ)ကိုရန်နိုင်သည် ယမန်နေ့နံနက် ၁၀ နာရီခန့်က မြန်မာနိုင်ငံ မြ၀တီမြို့တွင် အဖမ်းခံခဲ့ရကြောင်း သတင်း ရရှိသည်။

ပြည်သူ စေတနာ့ဝန်ထမ်းအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ အလုပ်သမားများအရေးနှင့် လူမှု ရေး ကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသောအဖွဲ့ အစည်း တခုဖြစ်သည်။

ကိုအေးသိန်းကို ဖမ်းဆီးစဉ် ပြည်သူ့ စေတနာ့ ၀န်ထမ်းအဖွဲ့ ဝင် ဖြစ်ကြောင်း အထောက်အထား စာရွက်များ၊ နယ်စပ်မှ ထုတ်လုပ်သော သင်္ကြန်သံချပ်ခွေများနှင့် ဓာတ်ပုံ မှတ်တမ်း စီဒီချပ် စသည်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း မြ၀တီမြို့မှ ရဲတပ်ဖွဲ့ ဝင်တဦးကပြောသည်။
နောက်ဆုံး အခြေအနေအရ ကိုအေးသိန်းကို မြ၀တီ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

ရွာသားတွေရဲ့ ဥယျာဉ်ခြံတစ်ရာကျော်ပါသွားပြီ”

တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင်တွင် လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၇) လက်အောက်ခံ ခမရ(၄၂၅)နှင့် ခမရ(၄၂၇)တပ်ရင်းတို့သည် ဘူဆာခီးမှ တောင်ငူအထိ ဖောက်လုပ်ထားသော ကားလမ်းကို ရှင်းလင်းရန် ကားလမ်းနံဘေးတလျှောက်တွင် အထက်မှ ညွှန်ကြား ချက်အရ လိုက်လံမီးရှို့မှုကြောင့် ရွာသားများ၏ ဥယျာဉ်ခြံများ မီးလောင်ကျွမ်းခံရခြင်းဖြစ်သည်ဟု ဒေသ ခံတဦးက ပြောသည်။

သူက “ဒီလ ၁၇ရက်နေ့ကနေစပြီး ယနေ့ ၁၉ရက်နေ့အထိ စကခ(၇) လက်အောက်ခံ တပ်ရင်း ခမရ (၄၂၅)၊ (၄၂၇) တပ်ဖွဲ့ဝင်တွေဟာ အထက်က ညွှန်ကြားချက်အရ ထန်းတပင်မြို့နယ် ဘောဂလိကြီးဂွင် က ကားလမ်းကို ရှင်းလင်းပစ်ရမယ်ဆိုပြီး ကားလမ်းနံဘေးပတ်ပတ်လည်မှာ မီးလိုက်ရှို့နေတယ်။ အခုထိ မီးသတ်လို့မရသေးဘူး။ ရွာသားတွေရဲ့ ဥယျာဉ်ခြံတစ်ရာကျော်ပါသွားပြီ”ဟု ပြောသည်။

အဆိုပါ နအဖစစ်တပ်များ၏ မီးရှို့မှုကြောင့် ထန်းပင်မြို့နယ် ဘောဂလိကြီး(ကလယ်လာ)ဂွင်ရှိ ပြောင်တို (မော်ဖားဒဲ)၊ ရေသိုးလေး(ကလေစိုးခီး)၊ ဒိုးဒို( ဒဲဒို)၊ ရေသိုးကြီး(ကော်သေးဒဲ) သစ်စေးတောင်(ကော်စိုးခို)၊ ဘောဂလိလေး(၀ါကလိုးခို)နှင့် ကျောက်ပုံ(လယ်ဂို)စသည့်ကျေးရွာများအပြင် ရွာပေါင်း ၁၀ကျော်မှ ဒူးရင်း ခြံ၊ ဖာလာခြံ၊ ကွမ်းသီးခြံ၊ ဓညင်းခြံနှင့် ကွမ်းခြံများ မီးလောင်ကျွမ်းခံရသည်ဟု သိရသည်။

Tuesday, 9 March 2010

မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စာရေးသား ပေးပို့

်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကို မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စာရေးသား ပေးပို့ခဲ့ပါတယ်။မနေ့က သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက “မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် အသေအချာ စောင့်ကြည့်နေပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံကို ကျနော် စာတစောင် ပို့ခဲ့ပါတယ်။ ကျနော့် စိုးရိမ်မှုတွေထဲက ပထမဆုံး ပြောရရင်တော့ ဘာမှ တိုးတက်မှု မတွေ့ရတာပါ။ အခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံလာဖို့၊ အဓိကကျသူ အားလုံး ပါဝင်နိုင်ဖို့၊ ထင်သာမြင်သာ ပွင့်လင်းမှုတွေရှိဖို့၊ ဒါတွေဟာ အလွန်တရာ အရေးကြီးတယ်ဆိုတာ ဖော်ပြထားပါတယ်။
“အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ဖြစ်နိုင်သမျှ မြန်မြန်ပြန်လွတ်လာပြီး သူတို့အားလုံး ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ လိုပါတယ်။ ဒီရွေးကောက်ပွဲဟာ အများပါဝင်နိုင်ပြီး အများက လက်ခံယုံကြည်နိုင်ဖို့ လိုပါတယ်။ ကျနော် ထပ်ပြီးတော့ အလေးအနက် ပြောချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်နိုင်ခွင့် မရှိဘဲနဲ့တော့ ဒီရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တယ်လို့ ယူဆစရာ မရှိပါဘူး။” ပြောသွားခဲ့ပါတယ်။

Monday, 8 March 2010

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခြင်း

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သည် ဥပဒေ အမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လည်းကောင်း၊ ဥပဒေ အမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကိုလည်းကောင်း၊ ဥပဒေ အမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို လည်းကောင်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်၊ ၂၀၁၀ ပြည်နှစ် မတ်လ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။