Monday, 22 February 2010

ကလေးစစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ

ကလေးစစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားသည်။
“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က ပြောကြောင်း Weekly Eleven တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်ဟု ဆိုသော ပဲခူးမြို့မှ ဒသမတန်း ကျောင်းသား မောင်ဝေဦးချိုနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု အာဏာပိုင်တို့က ပြောကြောင်း ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့က ရေးသားနေကြသည်။

အာဏာပိုင်တို့၏ ဖြေရှင်းချက်မှာ ရှေ့နောက် ညီညွတ်ခြင်း မရှိဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောသည်။

“၂၀၀၄ခုနှစ်ထဲက အရေးယူမှုတွေရှိတယ်ဆိုတော့ ဒီနှစ်တွေ မတိုင်ခင် ကတည်းက ကလေးစစ်သားတွေ ဘယ်လောက်တောင် ရှိနေမလဲ စဉ်းစားစရာပဲ” ဟု သူက သုံးသပ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။