ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းညွန့် ကြာသပတေးနေ့တွင် တင်သွင်းခဲ့သည့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတမှ ထုတ်ပြန်ပေးရေး” အဆိုကို ပြည်သူ့ လွှတ်တော်တွင် သောကြာနေ့က ဆွေးနွေးရာ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များ သာမက တပ်မတော်သား အမတ်များ၊ စုစုပေါင်း ၁၅ ဦး ဆွေးနွေး ထောက်ခံခဲ့ကြခြင်းကြောင့် ထောက်ခံမှု အများဆုံးရသည့် အဆိုတခုဟု လွှတ်တော်အမတ်များက ပြောကြသည်။
၂၅ ရာခိုင်နှုန်းဝေစုမှ တပ်မတော်သား လွှတ်တော် အမတ်များဖြစ်သည့် ဗိုလ်မှူးကြီး ဋ္ဌေးလှိုင်၊ ဗိုလ်မှူးကြီးတင့်ဆန်း
တို့မှ အချို့သော တပ်မတော်သားများသည် အကြောင်းအမျိုးမျိုးကြောင့် အရပ်ဘက် တရားရုံးမှ ပြစ်ဒဏ်များ ကျခံခဲ့ရပြီး ထိုသူများသည် နိုင်ငံအတွက် အလုပ်လုပ်ခဲ့သူများ ဖြစ်ခြင်းကြောင့် ထိုသူများပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်စေလိုသည့် အတွက် ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံကြောင်း ဆွေးနွေး သွားကြသည်။
တနေ့တည်းမှာပင် လူမှုရေးလုပ်ငန်းဆောင်ရွက်တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ဧပြီလ ၂ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ (၃၃) က နဲ့ တရားစွဲခံထားရရာကနေ ဒီကနေ့ အင်းစိန်ထောင် အထူးတရားရုံးက သူ့ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နယ်မြေခံ အထူးသတင်းတပ်ဖွဲ့က ဧပြီလ ၂ ရက်နေ့က အကြောင်းပြချက် မပေးဘဲ ဖမ်းဆီးသွားပြီးတဲ့နောက် အောင်သပြေစစ်ကြောရေးစခန်းမှာ ညှင်ပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် အင်းစိန်ထောင်ကို ဧပြီလ၂၉ ရက်နေ့မှာပို့ဆောင်ခဲ့ပါတယ်။
သူဟာ တောင်ကြီးအခြေစိုက် တပ်ထိန်းတပ် (၂၆၂) မှာတာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ တပ်ကနေ အနားယူခဲ့ပြီး လူမှုရေးနဲ့ပရဟိတလုပ်ငန်းတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တွေနဲ့အတူ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။