Wednesday, 1 September 2010

ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

ပင်လုံစာချုပ်တွင် ပါရှိသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုတွင် တန်းတူညီမျှမူဖြင့် အတူတကွ နေထိုင်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရအဆက်ဆက်နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည့်နည်းတူ ဆက်လက် ညှိနှိုင်းခြင်းဖြင့် ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု KIO က ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မနက်ဖြန် နောက်ဆုံးရက်အဖြစ် စစ်အစိုးရက ရာဇသံပေးခဲ့သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ကမူ အသွင်ပြောင်းမည် မဟုတ်ကြောင်း ၎င်းတို့နှစ်ဖွဲ့က ထပ်မံငြင်းဆန်လိုက်ကြသည်။
UWSA နှင့် နီးစပ်သော ပြည်သူ့ဒီမိုကရေစီတပ်ဦး PDF မှ တာဝန်ရှိသူတဦးလည်း “တခုရှိတာက ၁ ရက်နေ့လို့ ပြောတာက အကြိမ်ပေါင်းများနေပြီ။ အဲတော့ သိပ်မထူးခြားဘူး။ ဘယ်လောက်ပဲ ရွေးကောက်ပွဲတွေ ပြင်နေပြင်နေ၊ တပ်ထဲမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိတဲ့အချိန်မှာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ နောင်တက်တဲ့ အစိုးရနဲ့ပဲ စကားပြောမယ်။ နောင်တက်တဲ့ အစိုးရလည်း သူတို့ပါပဲဗျာ။ ဒါပေမဲ့ နောင်ခါလာ နောင်ခါဈေးပေါ့”ပြောသည်။