Tuesday, 18 January 2011

အမေ့အိမ် ပညာဒါန

လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် မေခလမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်မှုဖြင့် အမေ့အိမ် ပညာဒါန အမည် ရှိ အခြေခံပညာ အဆင့် အခမဲ့ ပညာသင်ကျောင်းကို ယမန်နေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယင်းပညာသင် ကျောင်းကို ဒေါ်အောင်ဆန်း စုကြည်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ငွေးကြေးချို့တဲ့ သည့် ကလေးငယ်ပေါင်း ၁၀၀ ကျော် တက်ရောက် ရန် အတွက် စာရင်းပေးသွင်းပြီးဖြစ်သည်ဟု သိရသည်။
အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။