Wednesday, 15 September 2010

နအဖတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲဖြစ်

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ခံ ဗိုလ်ချုပ်ပန်ဖ ဦးစီး သော တပ်မဟာ ၁ တပ်ဖွဲ့ နှင့် နအဖစစ်တပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီခန့်က သီပေါမြို့နယ် နမ့်မကျန်း ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ သျှမ်းတပ်မှ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းရူးမြို့နယ်အတွင်းရှိ တပ်မဟာ ၁ ၀မ်ဟိုင်းဋ္ဌာနချုပ်အား နအဖ တပ်မ ၅၅ လက်အောက်ခံတပ်များ စက်တင်္ဘာလဆန်း ကတည်းက ၀န်းရံပိတ်ဆို့ထားရာ မကြာမီ စစ်ဖြစ်လာတော့မည်ဟု တပ်မဟာ ၁ က ကြိုတင်တွက်ဆနေချိန်တွင်နှစ်ဘက် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ ညနေပိုင်းမှစ၍ ယနေ့အထိ ရမခလက်အောက်ခံ စစ်ကြောင်းများ ဒေသအတွင်း ပိတ်ဆို့ကာ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်းနှင့် နောက်ဆက်တွဲ တိုက်ပွဲများ ပြန်ဖြစ်မဖြစ် မသိရသေးကြောင်း ၎င်းက ပြောသည်။

စက်တင်္ဘာလ ၁၂ ရက်က သျှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့ အခြေဆိုက် နအဖ စကခ ၁ လက်အောက်ခံ နည်းဗျူဟာတစ်ခုအား အပစ်ရပ် ဝ နယ်မြေအနီးသို့ စေလွတ်ထားသည့်အပြင် ရမခနယ်မြေအတွင်းရှိ နအဖ တပ် အားလုံးတိုက်ပွဲဝင် အသင့်ဖြစ်စေရေး စစ်ရုံးချုပ်က ညွန်ကြားချက်ထုတ်ထားကြောင်း သိရသည်။